-->

Friday 4 May 2012

ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟူသည်

ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟူသည် ၁။သုမေဓာရှင်ရသေ့ဘ၀၌ပင် ဒီပင်္ကရာမြတ်စွာဘုရားခြေတော်ရင်းမှာ နိယတဗျာဒိတ်(နောင်အခါဂေါတမဘုရားရှင်ဖြစ်လိမ့်မည်ဟု) ကဆုန်လပြည့်နေတွင် ခံယူတော်မူခဲ့သည်။ ၂။ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင်ဖွားမြင်တော်မူခဲ့သည်။ ၃။ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့တွင် သဗ္ဗညုတဥာဏ်ဘုရားအဖြစ်သို့ (၀ါ) မြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ ၄။မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့ တွင်ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။ ထိုကြောင့်ပညာရှင်များက ကဆုန်လပြည့်နေ့ ကို ဗုဒ္ဓနေ့ ဟုသတ်မှတ်ကြလေသည်။
ဗုဒ္ဓ၀င်အကျဉ်း ဂေါတမဘုရားအလာင်းတော်သည် ဤဘဒ္ဒကမ္ဘာမှပြန်၍ရေတွက်သည်ရှိသော် လေးသင်္ချေနှင့်ကမ္ဘာတစ်သိမ်းထက်၌ သုမေဓာရသေ့ဖြစ်ခဲ့လေသည်။ သုမေဓာရသေ့ဘ၀မှ ဝေဿန္တရာမင်းဘ၀တိုင်အောင် များစွာသောဘ၀တို့ ၌ (က)ရွှေ ငွေ ဆင် မြင်း အစရှိသည်ကို လှူခြင်း-ဒါနပါရမီ (ခ)ခြေ လက် နား နှာခေါင်းအစရှိသည်ကို လှူခြင်း-ဒါနဥပပါရမီ၊ (ဂ) ကိုယ်အသက်ကို လှူခြင်း-ဒါနပရမတ္ထပါရမီ အစရှိသော ပါရမီသုံးဆယ်တို့ ကို ဖြည်းကျင့်တော်မူခဲ့လေသည်။ ထို့ ပြင် အလွန်စွန့် နိုင်ခဲစွာသော (က)ပဒေသရာဇ် ဧကရာဇ် စကြာမင်းတို့ ၏စည်းစိမ် ဥစ္စာရတနာကို စွန့် ခြင်း-ဓနပရိစ္စာဂ၊ (ခ)သားသမီးကိုစွန့် ခြင်း-ပုတ္တပရိစ္စာဂ၊ (ဂ) မယားကို စွန့် ခြင်း-ဘရိယပရိစ္စာဂ၊ (ဃ) ခြေ လက် နား နှာခေါင်း အစရှိသည့်  အင်္ဂါကြီးငယ်ကို စွန့် ခြင်း-အင်္ဂပရိစ္စာဂ၊ (င)ကိုယ့်အသက်ကို စွန့် ခြင်း- ဇီဝီတပရိစ္စာဂ- ဟုဆိုအပ်သော စွန့် ခြင်းကြီးငါးပါးကို ဖြည့်စွန့် တော်မူခဲ့လေသည်။ ဘုရားလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတကေတုမည်သောနတ်သားဖြစ်ခဲ့လေသည်။ သို့ ဖြစ်၍ဘုရားအလောင်းတော်သေတကေတုနတ်သားသည်- (က) ကာလ =ဘုရားဖြစ်ရာ အချိန်ကာလ၊ (ခ) ဒီပ = ဘုရားဖြစ်ရာကျွန်းအရပ်၊ (ဂ) ဒေသ = ဘုရားဖြစ်ရာအရပ်ဒေသ၊ (ဃ) ကုလ = ဘုရားဖြစ်ရာအမျိုးအနွယ်၊ (င) မာတုအာယုပရိစ္ဆေဒ= ဘုရာအလောင်းတော်၏ မယ်တော်ဖြစ်ည့်သူ၏ သက်တမ်းအပိုင်းအခြား ဟူသောကြည့်ခြင်းကြီးငါးပါးတို့ ကိုကြည့်ရှတော်မူလေသည်။ -ထိုသို့ ကြည်တော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇-ခု၊၀ါဆိုလပြည့် ကြာသာပတေးနေ့၌ ကပိလ၀တ်ပြည့်ရှင်ဘုရင်သုဒ္ဓေါဒန မင်းကြီး၏ တောင်ညာဒေ၀ီ မိဖုရားကြီး မယ်တော် မာယာ ၀မ်း၌ပဋိသန္ဓေ တည်နေလေသည်။ -ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ကဆုန်လပြည့် သောကြာနေ့ ဝယ် ဒေ၀ဒဟပြည်နှင့် ကပိလတ်ဝတ်ပြည်၏အကြားရှိ လုမ္ဗနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့် စင် ဖွားမြင်တော်မူလသည်။ -ဘုရားအလောင်းတော်သည် ၁၆ နှစ်အရွယ်ရောက်သောအခါ ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။ -၂၉ နှစ်ရောက်သောအခါ သူအို သူနာ သူသေ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ရဟန်းပြုလေသည်။ -ဘုရားအလောင်းတော်သည်အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့် ကို ရဟန်းအဖြစ်နှင့် ၆ နှစ်ပတ်လုံးကျင့်တော်မူခဲ့လေသည်။ - ထိုနောက်ဘုရားအလောင်းတော်သည် သုဇာတာမည်သောသူဌေးသမီးလှုဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့  ကြွသွားတော်မူလေသည်။ -သုဒ္ဓိယငစင် မြက်ထမ်းသမား(မြက်ရိတ်လုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။ -ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင် လှူဒါန်အပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သောအခါ ထိုခဏ၀ယ် မြက်ရှစ်ဆုပ်သည်မဟာဗောဓိရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့ သည် မြက်အသွင်သဏ္ဌာန်ဖြင့် မတည်ကုန်) -ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ ခွေ နေတော်မူစဉ် နေမ၀င်မီ ဒေ၀ပုတ္တမာရ်ကို(မာရ်နတ်ရန်) ကို အောင်မြင်တော်မူ၍ ည့ဉ်ဦးယာမ်တွင် ရှေး၌ နေခဲ့ ဖြစ်ခဲ့ဘူးသော ခန္ဓာစဉ်ကို အောက်မေ့တတ် သိတတ်သော ပုဗ္ဗေနိဝါသနုဿတိဉာဏ်ကို ရတော်မူလေသည်။ သန်းခေါင်ယာမ်၌ နတ်တို့ ၏ မျက်စိနှင့်တူသော ဥာဏ်မျက်စိဖြင့် စုတေခါနီးသော သတ္တ၀ါ စသည်တို့ကို မြင်တတ်သော ဒိဗ္ဗစက္ခု ဉာဏ်ကို ရတော်မူလေသည်။ -မိုးသောက်ယာမ်၌ အာသဝေါတရားလေးပါးတို့ ၏ ကုန်ခြင်းကို ပြုတတ်သော အာသ၀က္ခယဉာဏ်ကိုရတော်မူ၍ အသက်(၃၅) နှစ် အရွယ် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်ဗုဒ္ဓဟူးနေ့ မိုးသောက်ယာမ်ဝယ် လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညုတဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။ သုံးလူ့သခင်သဗ္ဗညုတဘုရားရှင်သည် ၄၅ ၀ါ ကာလပတ်လုံး ဝေနေယျတို့အား ဓမ္မစကြာစသည့် တရားဓမ္မတို့ကို ဟောပြတော်မူကာ လူ, နတ်, ဗြဟ္မာ, သတ္တ၀ါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့လေသည်။ ၄၅ ၀ါ ကာလပတ်လုံး သတ္တ၀ါတို့ ၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုတဘုရားရှင်သည် သက်တော် (၈၀) အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူသည်။

No comments:

Post a Comment

very good